Search for similar products on 1688 ❯

My

တိုက်ရိုက်စားသည့် အမြန်ခေါက်ဆွဲမှ စိတ်ဖြေစာအဖြစ်သို့ — တရုတ်ဈေးကွက်တွင် ကိုရီးယား Ramyun ဆက်လက်ခိုင်မာ

တရုတ်နိုင်ငံတွင် ကိုရီးယားအမြန်ခေါက်ဆွဲများသည် တည်ငြိမ်စွာ တိုးတက်နေဆဲဖြစ်ပြီး စားသုံးသူအပြုအမူ ပြောင်းလဲလာမှုကြောင့် “အမြန်စားစာ” မှ “စိတ်သက်သာရာရစေသော အစားအစာ” အဖြစ် အဆင့်မြင့်နေရာတစ်ခုကို ရရှိလာကြောင်း The Korea Times က ဖော်ပြသည်။

၂၀၁၇ ခုနှစ်တွင် THAAD ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်မှုအပြီး ဘေဂျင်းက ကိုရီးယားယဉ်ကျေးမှုထုတ်ကုန်များအပေါ် အလွတ်သဘော ကန့်သတ်မှုများ ချမှတ်ခဲ့သော်လည်း “ဟန်လျူ” (Korean wave) သည် တရုတ်ပြည်၏ ယဉ်ကျေးမှုဈေးကွက်တွင် အားလျော့လာချိန်၌ ကိုရီးယားအမြန်ခေါက်ဆွဲများကတော့ လူကြိုက်များမှု ပိုမိုမြင့်တက်လာခဲ့သည်။ တရုတ်အကောက်ခွန်ဒေတာအရ ကိုရီးယားသည် ၂၀၁၆ ခုနှစ်တွင် ထိုင်ဝမ်ကို ကျော်လွန်ပြီးနောက် တရုတ်ပြည်မကြီး၏ အကြီးဆုံး အမြန်ခေါက်ဆွဲတင်သွင်းသူအဖြစ် ဆက်လက်ရပ်တည်နေပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တင်ပို့တန်ဖိုး ၂၆၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။

အခြားတစ်ဖက်တွင် K-food တင်ပို့မှုစုစုပေါင်းကတော့ မတည်ငြိမ်ပေ။ Korea Agro-Fisheries and Food Trade Corporation ၏ အချက်အလက်များကို ကိုးကားထားသည့် ဒေသတွင်းမီဒီယာများအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တင်ပို့တန်ဖိုး ကျဆင်းခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ပြန်လည်မြင့်တက်လာခဲ့သည်။ Samyang Foods ကုမ္ပဏီအရာရှိတစ်ဦးက ကိုရီးယားအမြန်ခေါက်ဆွဲများတွင် စပ်သောအရသာ ပြင်းထန်ခြင်းနှင့် ခေါက်ဆွဲသား၏ ဖွဲ့စည်းပုံ ကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းအမှတ်တံဆိပ်များနှင့် ကွာခြားချက်ရှိကြောင်း ပြောသည်။ တရုတ်အီးကောမတ်ကုမ္ပဏီ Taobao ၏ နောက်ဆုံး ရောင်းအားအကောင်းဆုံးစာရင်းတွင် Buldak Original နှင့် carbonara အမျိုးအစားတို့က အဆင့် ၈ နှင့် ၉ တွင် ရပ်တည်ခဲ့ပြီး Nongshim ၏ Shin Ramyun ကလည်း ထိပ်တန်း ၂၀ စာရင်းထဲတွင် အဆင့် ၁၇ ရရှိခဲ့သည်။

စားသုံးသူအပြုအမူ ပြောင်းလဲလာခြင်းကလည်း ကိုရီးယားအမြန်ခေါက်ဆွဲများ၏ ရောင်းအားကို အားပေးနေသည်။ ယခင်က တရုတ်စားသုံးသူများအတွက် အမြန်ခေါက်ဆွဲသည် လွယ်လင့်တကူ ဗိုက်ဖြည့်ရန် သာမန်အစားအစာတစ်မျိုးမျှသာ ဖြစ်ခဲ့သော်လည်း ယခုအခါ လူနေမှုအဆင့် မြင့်တက်လာခြင်းနှင့် အစားအသောက်ရွေးချယ်စရာများ များပြားလာခြင်းကြောင့် “ဗိုက်ပြည့်မှု” အပြင် စိတ်ခံစားမှုဆိုင်ရာ ကျေနပ်မှုကိုပါ ရှာဖွေနေကြကြောင်း Samyang Foods အရာရှိက ဆိုသည်။ ထိုသဘောသည် “ကြွယ်ဝသည့် အရသာအတွေ့အကြုံ” မှတစ်ဆင့် စိတ်ဖိစီးမှုကို လျှော့ချလိုသည့် သဘောဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။ ဆိုရှယ်မီဒီယာပေါ်တွင်လည်း အိုးထဲတွင် တိုက်ရိုက်ချက်ပြုတ်ပြီး ကြက်ဥကြော်၊ ဟင်းသီးဟင်းရွက်၊ kimchi စသည့် အပါအဝင် toppings များဖြင့် ပိုမိုအဆင့်မြှင့် စားသုံးနည်းများ ပေါ်ပေါက်လာကာ ရိုးရိုး convenience food ကို ပိုမိုပြည့်စုံသော meal အဖြစ် ပြောင်းလဲနေသည်။

တရုတ်နိုင်ငံ၏ နည်းပညာအခြေပြုမြို့ Shenzhen တွင် အလုပ်လုပ်နေသည့် Sally Xu က ည ၁၀ နာရီ အလုပ်ပြီးချိန်တွင် ကိုရီးယား Buldak ခေါက်ဆွဲကို ဟင်းသီးဟင်းရွက်၊ ကြက်ဥကြော်နှင့် kimchi တို့ဖြင့် ချက်စားလေ့ရှိကြောင်း ပြောသည်။ “စပ်တဲ့အရသာက အရမ်းပြင်းတယ်၊ တစ်ခါတလေ မျက်ရည်ပါ ထွက်လာတတ်ပေမယ့် အလုပ်ပင်ပန်းမှုကို ခဏတာ မေ့သွားစေတယ်” ဟု ၎င်းက ဆိုသည်။ “ကျွန်မနေရာမှာ ရနိုင်တဲ့ ငရုတ်သီးဆော့စ်တွေထဲမှာ ဒီလိုအရသာမျိုး မရှိဘူး” ဟုလည်း ပြောဆိုခဲ့သည်။

World Instant Noodles Association ၏ နောက်ဆုံးအချက်အလက်အရ တရုတ်ပြည်တွင် ၂၀၂၄ ခုနှစ်အတွင်း အမြန်ခေါက်ဆွဲ စားသုံးမှု ၄၃.၈ ဘီလီယံ servings ရှိပြီး ကမ္ဘာ့စုစုပေါင်း၏ ၃၅.၆ ရာခိုင်နှုန်းကို ရယူထားကြောင်း သိရသည်။ စားသုံးသူများက ပိုမိုအရည်အသွေးမြင့်ပြီး ကျန်းမာရေးနှင့် ကိုက်ညီသော အစားအစာများကို ရွေးချယ်လာသဖြင့် တစ်ပွဲလျှင် ယွမ် ၅ ကျော် ဈေးရှိသော high-end instant noodles ဈေးကွက်မှာ လျင်မြန်စွာ ကြီးထွားနေပြီး Chinese brokerage Founder Securities ၏ သုတေသနမှတ်စုအရ ၂၀၂၀ ခုနှစ်က ယွမ် ၄၉ ဘီလီယံမှ ၉၄.၈ ဘီလီယံအထိ နီးပါး နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားသည်။ အောက်ဈေးတန်းဈေးကွက်မှာတော့ ၂၀၂၀ ခုနှစ်က ယွမ် ၆၁.၆ ဘီလီယံမှ ၂၀၂၆ ခုနှစ်တွင် ယွမ် ၇၁.၂ ဘီလီယံသို့သာ တဖြည်းဖြည်း တိုးလာမည်ဟု ခန့်မှန်းထားသည်။

သို့သော် food delivery ဝန်ဆောင်မှုများ လျင်မြန်စွာ တိုးတက်လာမှုက အမြန်ခေါက်ဆွဲဈေးကွက်အတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေသည်။ JD.com, Alibaba နှင့် Meituan တို့သည် လွန်ခဲ့သည့် တစ်နှစ်အတွင်း ဈေးကွက်ဝေစု ရရှိရန် ပြင်းထန်စွာ ဈေးပြိုင်ဆိုင်ခဲ့ကြပြီး အလွန်ကြီးမားသော subsidy များ ပေးကာ နို့လက်ဖက်ရည်ကို အခမဲ့နီးပါး ဖြစ်စေခဲ့သလို အစားအသောက်တချို့ကို ယွမ် ၁ မှ ၂ ခန့်အထိ ဈေးချနိုင်ခဲ့သည်။ နောက်ပိုင်းတွင် အာဏာပိုင်များက ထိုလုပ်ရပ်များကို သတိပေးတားမြစ်ခဲ့ပြီး ဈေးပြိုင်ဆိုင်မှုလည်း လျော့နည်းလာသကဲ့သို့ ထင်ရသော်လည်း တရုတ် Logistics and Purchasing Federation က ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ဒေတာအရ on-demand delivery ဈေးကွက်သည် ယွမ်တစ်ထရီလီယံနီးပါး အရွယ်အစားသို့ ရောက်ရှိလာပြီဖြစ်သည်။ China University of Geosciences ၏ သုတေသနအရ food delivery ဈေးကွက် ၁ ရာခိုင်နှုန်း တိုးတိုင်း အမြန်ခေါက်ဆွဲ စားသုံးမှု ၀.၀၅၃၃ ရာခိုင်နှုန်း လျော့နည်းကြောင်း ဖော်ပြထားသည်။

ထိုသို့ စိန်ခေါ်မှုများ ရှိနေသော်လည်း အမြန်ခေါက်ဆွဲများတွင် ယုံကြည်စိတ်ချရသော အရည်အသွေး၊ သင့်တင့်သော ဈေးနှုန်းနှင့် မျိုးစုံရွေးချယ်စရာများကဲ့သို့ အားသာချက်များ ဆက်လက်ရှိနေကြောင်း Samyang Foods အရာရှိက ပြောသည်။ တရုတ်-ကိုရီးယား ဆက်ဆံရေးကလည်း တိုးတက်လာနိုင်ခြေရှိနေချိန်တွင် ကိုရီးယားအမြန်ခေါက်ဆွဲကုမ္ပဏီများသည် တရုတ်ဈေးကွက်ထဲသို့ ထပ်မံတိုးချဲ့ရန် အားထုတ်နေကြသည်။ Samyang Foods က Zhejiang ပြည်နယ်တွင် ၎င်း၏ ပင်လယ်ပြင်ပ ပထမဆုံးစက်ရုံ တည်ဆောက်နေပြီး Otoki ကလည်း “အရည်အသွေးကောင်းပြီး ဈေးသင့်တင့်သော ထုတ်ကုန်ကို စားသုံးသူများ ရွေးချယ်ကြသည်” ဟူသော အခြေခံမူပေါ် မူတည်ကာ တရုတ်စားသုံးသူများအပေါ် ယုံကြည်မှုဖြင့် တဖြည်းဖြည်း ဈေးကွက်ချဲ့ထွင်သွားမည်ဟု ပြောသည်။

Leave a Comment

Your email address will not be published. Required fields are marked *