
တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ မြောက်ကိုရီးယားသံရုံးက အုပ်ချုပ်ရေးပါတီဖြစ်သော ကိုရီးယားအလုပ်သမားပါတီ၏ ဖေဖော်ဝါရီလ ညီလာခံကို အထိမ်းအမှတ်ပြု၍ ဧည့်ခံပွဲတစ်ရပ် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းတာဝန်ရှိသူတစ်ဦး တက်ရောက်ခဲ့ကြောင်း တရုတ်သတင်းအေဂျင်စီ ရှင်းဟွာက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြသည်။
အင်္ဂါနေ့က ဘေဂျင်းမြို့တွင် ကျင်းပသည့် အဆိုပါဧည့်ခံပွဲသို့ တက်ရောက်ခဲ့သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ Politburo အဖွဲ့ဝင် လီရှိလေးက သမ္မတ ရှီကျင့်ဖျင်၏ ကိုယ်စား “နွေးထွေးသော ဂုဏ်ပြုနှုတ်ခွန်း” များ ပေးပို့ခဲ့ကြောင်း ရှင်းဟွာက ဆိုသည်။ မြောက်ကိုရီးယားအလုပ်သမားပါတီက ဖေဖော်ဝါရီလတွင် ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ညီလာခံကျင်းပခဲ့ပြီး လာမည့် ၅ နှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အသစ်နှင့် မူဝါဒလမ်းညွှန်ချက်များကို ချမှတ်ခဲ့သည်။
ဧည့်ခံပွဲတွင် လီရှိလေးက တရုတ်နိုင်ငံအနေဖြင့် ပြုံယမ်းနှင့်အတူ မဟာဗျူဟာဆိုင်ရာ ဆက်သွယ်ညှိနှိုင်းမှုကို ပိုမိုခိုင်မာစေ၍ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ ပြည်သူများ၏ သာယာဝပြောရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်ဟု ရှင်းဟွာက ဖော်ပြသည်။ ထို့ပြင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် သင့်လျော်သည့် ကဏ္ဍမှ ပူးတွဲပါဝင်မည်ဟုလည်း ကတိပြုခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ရီရုံးနမ်ကလည်း နှစ်နိုင်ငံပါတီများ၏ ထိပ်တန်းခေါင်းဆောင်များ၏ ဆန္ဒနှင့်အညီ ဆိုရှယ်လစ်ရေးကို တိုးတက်အောင် ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် မြောက်ကိုရီးယားအနေဖြင့် တရုတ်ဘက်နှင့် လက်တွဲဆောင်ရွက်လိုကြောင်း ပြောဆိုခဲ့သည်။