
ဒီမိုကရက်အမတ် ၃ ဦးက တရုတ်မော်တော်ကားကုမ္ပဏီများအား အမေရိကန်ပြည်ထောင်စုအတွင်း ကားထုတ်လုပ်ခွင့် မပေးရန် သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းလိုက်သည်။ မက္ကဆီကို သို့မဟုတ် ကနေဒါတွင် တပ်ဆင်ထုတ်လုပ်ထားသည့် တရုတ်ကားများလည်း အမေရိကန်ဈေးကွက်အတွင်း မဝင်ရောက်စေရန် ၎င်းတို့က အကြံပြုထားသည်။
Reuters က ပထမဆုံး ဖော်ပြခဲ့သည့် စာတွင် ဝီစကွန်စင်ပြည်နယ် အမတ် Tammy Baldwin၊ မီချီဂန်ပြည်နယ် အမတ် Elissa Slotkin နှင့် အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer တို့က ထရမ့်က ဇန်နဝါရီလအတွင်း ဒက်ထရွိုက်မြို့တွင် “တရုတ်ကားထုတ်လုပ်သူများ အမေရိကန်စက်ရုံ ဆောက်နိုင်သည်” ဟု ပြောဆိုခဲ့ခြင်းကို ရည်ညွှန်းပြီး အဆိုပါမူဝါဒကို ပြန်လည်စဉ်းစားရန် တောင်းဆိုခဲ့သည်။ လက်ရှိတွင် အမေရိကန်က တရုတ်ကားများအပေါ် ၁၀၀ ရာခိုင်နှုန်းဝန်းကျင်အထိ အခွန်နှုန်းထားများ အပါအဝင် အတားအဆီးများ ချမှတ်ထားပြီးဖြစ်သော်လည်း စစ်တမ်းအသစ်များအရ အမေရိကန်စားသုံးသူများအကြား တရုတ်ကားများအပေါ် စိတ်ဝင်စားမှု မြင့်တက်လာနေကြောင်း သိရသည်။
“တရုတ်ကားထုတ်လုပ်သူတွေကို အမေရိကန်မှာ လာရောက်တည်ထောင်ခွင့်ပေးလိုက်မယ်ဆိုရင် အမေရိကန်ကားထုတ်လုပ်သူတွေ မယှဉ်နိုင်တဲ့ စီးပွားရေးအသာစီးကို ရရှိသွားစေပြီး ပြန်မကောင်းနိုင်တဲ့ အမျိုးသားလုံခြုံရေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေမယ်” ဟု အဆိုပါအမတ်များက ထရမ့်ထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။ အိမ်ဖြူတော်ကမူ အမေရိကန်စက်မှုလုပ်ငန်း ပြန်လည်ထူထောင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ကြိုးပမ်းနေသော်လည်း အမျိုးသားလုံခြုံရေးကို စတေးမည်ဆိုသည့် အယူအဆမှာ “အခြေအမြစ်မရှိ၊ မမှန်ကန်” ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။
ထရမ့်ကတော့ ဇန်နဝါရီလအတွင်း ဒက်ထရွိုက်မြို့ရှိ Detroit Economic Club အစည်းအဝေးတွင် “တရုတ်ကုမ္ပဏီတွေ လာပြီး စက်ရုံဆောက်မယ်၊ သင်တို့နဲ့ သင့်အိမ်နီးချင်းတွေကို အလုပ်ခန့်မယ်ဆိုရင် ဒါကောင်းတယ်၊ ကျွန်တော်နှစ်သက်တယ်” ဟု ပြောဆိုထားသည်။ သို့သော် ဘိုင်ဒန်အစိုးရလက်ထက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားလုံခြုံရေးအန္တရာယ်ကို အကြောင်းပြု၍ တရုတ်ကားထုတ်လုပ်သူများ၏ အမေရိကန်တွင် ခရီးသည်တင်ကားများ ရောင်းချခွင့်ကို လက်တွေ့အားဖြင့် ပိတ်ပင်သည့် စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီး ယင်းကန့်သတ်မှုကို အမေရိကန်ကားထုတ်လုပ်သူများနှင့် အခြားလုပ်ငန်းအဖွဲ့များက ထောက်ခံထားသည်။ ပြီးခဲ့သည့်လကလည်း အဓိကကားကုမ္ပဏီအားလုံးနီးပါးကို ကိုယ်စားပြုသည့် မော်တော်ကားလုပ်ငန်းအဖွဲ့များက မေလတွင် သမ္မတ Xi Jinping နှင့် ထရမ့် တွေ့ဆုံမည့် အစီအစဉ်မတိုင်မီ တရုတ်ကားထုတ်လုပ်သူများကို နိုင်ငံအတွင်း မဝင်ရောက်စေရန် အမေရိကန်အစိုးရအား တိုက်တွန်းခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် အိုဟိုင်းယိုးပြည်နယ် ရီပတ်ဘလီကန်အမတ် Bernie Moreno ကလည်း တရုတ်ကားတစ်စီးမျှ အမေရိကန်ဈေးကွက်အတွင်း “hardware, software, partnerships” အပါအဝင် မည်သည့်နည်းလမ်းဖြင့်မဆို ဝင်ရောက်မလာစေရန် ဥပဒေကြမ်း တင်သွင်းမည်ဟု ပြောကြားခဲ့သည်။ Slotkin၊ Baldwin နှင့် Schumer တို့၏ စာတွင်လည်း “တရုတ်ကားထုတ်လုပ်သူတစ်ခုခုက အမေရိကန်တွင် စက်ရုံအသစ်ဖွင့်လှစ်၍ တပ်ဆင်ရေးအလုပ်အကိုင်များနှင့် ယာယီ ဆောက်လုပ်ရေးအလုပ်အကိုင် အနည်းငယ် ဖန်တီးနိုင်သော်လည်း ထိုအလုပ်အကိုင်နည်းပါးမှုက ရေရှည်အလုပ်ဆုံးရှုံးမှုကို မပြန်လည်ကာမိနိုင်” ဟု ဖော်ပြထားသည်။
ဝါရှင်တန်ရှိ တရုတ်သံရုံးက သောကြာနေ့တွင် ချက်ချင်း မှတ်ချက်မပေးခဲ့သော်လည်း ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ချက်တစ်စောင်တွင် တရုတ်နိုင်ငံ၏တံခါးများသည် ကမ္ဘာလုံးဆိုင်ရာ မော်တော်ကားကုမ္ပဏီများအတွက် ဖွင့်လှစ်ထားကြောင်း၊ အမေရိကန်ဘက်ကမူ ခွဲခြားဆက်ဆံသည့် စက်မှုထောက်ပံ့ကြေးမူဝါဒများနှင့် အတားအဆီးများ ချမှတ်ကာ “တရုတ်လုပ်ကားများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်နိုင်ခြင်းကို ပိတ်ဆို့နေသည်” ဟု ဆိုထားသည်။
အမတ်များက ဖေဖော်ဝါရီလတွင် BYD ကုမ္ပဏီသည် ပေကျင်း၏ စစ်တပ်ကို ကူညီနေသည်ဟု စွပ်စွဲခံရသော တရုတ်ကုမ္ပဏီစာရင်းထဲတွင် ခဏတာ ထည့်သွင်းခံခဲ့ရကြောင်းလည်း ထောက်ပြခဲ့သည်။ “အစိုးရအနေနဲ့ BYD နဲ့ အခြားတရုတ်ကားထုတ်လုပ်သူတွေကို စစ်တပ်နှင့် ဆက်နွှယ်သည့်အဖွဲ့အဖြစ် အမြန်ဆုံး သတ်မှတ်ရမယ်” ဟု ၎င်းတို့က ရေးသားထားသည်။