Search for similar products on 1688 ❯

My

ကားမတော်တဆမှုဖြစ်ပွားပြီးနောက် Tiger Woods က ရဲအရာရှိကို “သမ္မတနဲ့ စကားပြောနေတယ်” ဟု ပြော

ဖလော်ရီဒါပြည်နယ်တွင် SUV ကားမတော်တဆမှုဖြစ်ပွားပြီးနောက် တိုင်ဂါးဝုဒ်စ် (Tiger Woods) သည် ရဲအရာရှိတစ်ဦးကို “သမ္မတနဲ့ စကားပြောနေတယ်” ဟု ပြောခဲ့ကြောင်း DUI အမှုနှင့်သက်ဆိုင်သည့် body-cam မှတ်တမ်း ထုတ်ပြန်ပြီးနောက် သိရှိရသည်။ ဖြစ်စဉ်အတွင်း ဝုဒ်စ်က မူးယစ်မောင်းနှင်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း မူးယစ်မောင်းနှင်မှု သံသယဖြင့် ဖမ်းဆီးခံခဲ့ရသည်။

Martin County Sheriff’s Office က ထုတ်ပြန်ခဲ့သည့် ရဲကင်မရာမှတ်တမ်းအရ ၂၀၂၆ ခုနှစ် မတ် ၂၇ ရက်တွင် ဖလော်ရီဒါပြည်နယ် Jupiter Island ၌ မတော်တဆမှုဖြစ်ပွားပြီးနောက် ဝုဒ်စ်က ဖုန်းချကာ “Thank you so much” ဟု ပြောပြီး ရဲအရာရှိထံ လှည့်လာခဲ့ကြောင်း တွေ့ရသည်။ “သမ္မတ” ဟု ဆိုရာတွင် Donald Trump ကို ရည်ညွှန်းခြင်းဖြစ်နိုင်ကြောင်း သုံးသပ်နေကြသော်လည်း အတည်မပြုနိုင်သေးပါ။ Trump ၏ former daughter-in-law ဖြစ်သူ Vanessa Trump သည် လက်ရှိတွင် Woods နှင့်တွဲဖက်နေကြောင်းလည်း သိရသည်။

မတ် ၂၇ ရက် ဖမ်းဆီးခံရပြီး မကြာမီ Donald Trump ကို Woods အကြောင်း မေးမြန်းခဲ့ရာ “သူ့အတွက် အရမ်းစိတ်မကောင်းပါဘူး။ သူ့မှာ အခက်အခဲတချို့ ရှိနေတယ်။ သူက ကျွန်တော့်ရဲ့ အလွန်ရင်းနှီးတဲ့ မိတ်ဆွေပါ။ အံ့သြစရာကောင်းတဲ့ လူတစ်ဦး၊ အံ့သြစရာကောင်းတဲ့ အမျိုးသားတစ်ဦးပါ။ ဒါပေမဲ့ အခက်အခဲတချို့ ရှိနေတယ်” ဟု Trump က သတင်းထောက်များအား ပြောကြားခဲ့သည်။ အိမ်ဖြူတော်ကတော့ ကားမတော်တဆမှုအပြီး Trump နှင့် Woods စကားပြောခဲ့ခြင်း ရှိမရှိကို ချက်ချင်း တုံ့ပြန်ခြင်း မရှိခဲ့ပါ။

ရဲကင်မရာမှတ်တမ်းတွင် Woods သည် sobriety test (အရက်/မူးယစ် သက်ရောက်မှု စစ်ဆေးမှု) မအောင်မြင်ပြီးနောက် လက်ထိပ်ခတ်ခံရချိန်တွင် အံ့အားသင့်နေသည့် အနေအထားဖြင့် တွေ့ရသည်။ ရဲကားနောက်ခန်းမှတ်တမ်းတွင်လည်း ၁၅ မိနစ်ကြာ ခေါ်ဆောင်သွားစဉ် သူသည် မငြိမ်သက်ဖြစ်နေခြင်း၊ သမ်းဝေနေခြင်းနှင့် အိပ်ငိုက်သလို ပုံပေါ်နေခြင်းတို့ကို တွေ့ရကြောင်း ဖော်ပြထားသည်။

Woods က သူမောင်းနှင်နေသည့် Land Rover သည် အရှိန်မြင့်နေစဉ် လက်ကိုင်ဖုန်းကိုကြည့်မိပြီး ရေဒီယိုလိုင်းပြောင်းရင်း Jupiter Island ရှိ လူနေအိမ်လမ်းပေါ်တွင် ကုန်တင်ကားတစ်စီး၏ နောက်ပိုင်းကို တိုက်မိကာ ဘေးတစောင်းလှန်သွားခဲ့ကြောင်း အာဏာပိုင်များကို ရှင်းပြခဲ့သည်။ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါ။ “ဖုန်းကိုငုံ့ကြည့်လိုက်တာနဲ့ ချက်ချင်းပဲ — ဘုန်း” ဟု ဖမ်းဆီးမခံရမီ မြက်ခင်းပေါ်တွင် ဒူးထောက်နေစဉ် Woods က အရာရှိတစ်ဦးအား ပြောခဲ့သည်။

Martin County Sheriff’s Deputy Tatiana Levenar က လမ်းဘေး sobriety test ကို ဆက်လက်လုပ်ဆောင်ပြီး “သင်၏ ပုံမှန်စွမ်းဆောင်ရည်တွေ ထိခိုက်နေတယ်လို့ ကျွန်မထင်ပါတယ်။ မသိနိုင်တဲ့ ပစ္စည်းတစ်မျိုးရဲ့ သက်ရောက်မှုလည်း ရှိနေတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ဒီအချိန်မှာ DUI နဲ့ ဖမ်းဆီးရမှာပါ” ဟု ပြောကြားခဲ့သည်။ ဝုဒ်စ်က “ကျွန်တော် ဖမ်းဆီးခံရတာလား” ဟု ပြန်မေးရာ “ဟုတ်ပါတယ်” ဟု အရာရှိက ဖြေကြားခဲ့သည်။

လက်ထိပ်ခတ်ပြီးနောက် ရဲအရာရှိများက သူ၏အိတ်ကပ်များကို စစ်ဆေးရာ ဆေးပြားအဖြူ ၂ လုံး တွေ့ရှိခဲ့သည်။ Woods က ၎င်းတို့ကို Norco ဟု ပြောပြီး acetaminophen နှင့် opioid hydrocodone ပါဝင်သည့် အကိုက်အခဲပျောက်ဆေးတစ်မျိုးကို ရည်ညွှန်းခဲ့သည်။ အာဏာပိုင်များက နောက်ပိုင်းတွင် Woods တွင် hydrocodone ပါဝင်သည့် ဆေးရှိကြောင်း အတည်ပြုခဲ့သည်။

ရဲကင်မရာမှတ်တမ်းအရ Woods သည် အရက်မသောက်ခဲ့ကြောင်းနှင့် ထိုနေ့မနက်တွင် ဆေးဝါး “အနည်းငယ်” သောက်ခဲ့ကြောင်း Levenar ကို ပြောခဲ့သည်။ သို့သော် ထုတ်ပြန်ထားသည့် ဗီဒီယိုတွင် ဆေးအကြောင်း ရှင်းပြနေစဉ် သူ၏ ပြောဆိုသံအချို့ကို လျှော့ချထားသည်။ Sheriff’s Office complex ထဲရှိ “DUI room” သို့ ခေါ်ဆောင်သွားပြီးနောက်လည်း Woods က “ကျွန်တော် မမူးပါဘူး။ ကျွန်တော် ဆရာဝန်ညွှန်ကြားဆေး သောက်ထားတာပါ” ဟု ပြောခဲ့ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် အပိုဆောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အသက် ၅၀ အရွယ် Woods သည် မူးယစ်မောင်းနှင်မှု သံသယဖြင့် အင်္ဂါနေ့တွင် အပြစ်မရှိကြောင်း လျှောက်ထားခဲ့သည်။ ထိုနေ့ညတွင် သူက “ကျန်းမာရေးကို ဦးစားပေးပြီး ကုသမှုခံယူရန်” အတွက် အလုပ်များမှ အကန့်အသတ်မရှိ ခေတ္တရပ်နားမည်ဟု ကြေညာခဲ့သည်။

သူသည် Breathalyzer စစ်ဆေးမှုကို လက်ခံခဲ့သော်လည်း အယ်လ်ကိုဟော အမှတ်မပြသခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ သို့သော် ဆီးစစ်မှုကိုတော့ ငြင်းဆန်ခဲ့သည်။ ဖလော်ရီဒါပြည်နယ်ဥပဒေကို ပြီးခဲ့သည့်နှစ်က ပြင်ဆင်ပြီးနောက် အရာရှိတစ်ဦးက breath, blood သို့မဟုတ် urine test တောင်းဆိုသည့်အခါ ငြင်းဆန်ခြင်းသည် ပထမအကြိမ်အပါအဝင် misdemeanor အဖြစ် သတ်မှတ်ထားသည်။

လမ်းဘေးစစ်ဆေးမှုအတွင်း အရာရှိများက Woods တွင် ခြေထောက်နာနေပုံနှင့် ညာဖက်ဒူးပေါ်တွင် compression sock ဝတ်ထားသည်ကို တွေ့ရှိခဲ့သည်။ Woods က သူသည် ကျောခွဲစိတ်မှု ၇ ကြိမ်နှင့် ညာဘက်ခြေထောက်ခွဲစိတ်မှု ၂၀ ကြိမ်ကျော် ခံခဲ့ရပြီး လမ်းလျှောက်ရာတွင် ခြေကျင်းဝတ်တစ်ခါတစ်ရံ ကပ်ငြိတတ်ကြောင်း ရှင်းပြခဲ့သည်။

စစ်ကြောမေးမြန်းမှုအတွင်း Woods သည် မငြိမ်မသက်ဖြစ်နေပြီး sobriety test တစ်ခုတွင် ခေါင်းကို အဆက်မပြတ် လှုပ်နေသဖြင့် “ခေါင်းကိုတည့်တည့်ထားပါ” ဟု အရာရှိများက အကြိမ်ကြိမ် ပြောခဲ့ရကြောင်း arrest report တွင် ဖော်ပြထားသည်။ Levenar က “Woods ရဲ့ အပြုအမူတွေ၊ စစ်ဆေးမှုတွေကို ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတာနဲ့ ကျွန်မရဲ့ လေ့ကျင့်မှု၊ အသိပညာ၊ အတွေ့အကြုံအပေါ် အခြေခံပြီး သူ့ရဲ့ ပုံမှန်စွမ်းဆောင်ရည်တွေ ထိခိုက်နေခဲ့ပြီး ယာဉ်ကို လုံခြုံစွာ မောင်းနှင်နိုင်စွမ်း မရှိဘူးလို့ ကျွန်မ ယုံကြည်ခဲ့ပါတယ်” ဟု ရေးသားခဲ့သည်။

တိုင်ဂါးဝုဒ်စ်သည် ဂေါက်သီးလောက၏ အလွန်လွှမ်းမိုးမှုကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အားကစားသမားများကြားတွင်လည်း အမှတ်အသားပြင်းထန်သူတစ်ဦး ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် မာစတာစ် (Masters) ပြိုင်ပွဲကို အာဖရိကန်မျိုးနွယ်မှ ပထမဆုံး အနိုင်ရသူအဖြစ် သမိုင်းဝင်ခဲ့ပြီး စံချိန်များစွာဖြင့် ဂေါက်သီးပရိသတ်များကို ဆွဲဆောင်ထားသူ ဖြစ်သည်။

သူ၏ဒဏ်ရာများကြောင့် အောင်မြင်မှုအများအပြား ဆက်လက်မရရှိနိုင်ခဲ့ဘဲ ၂၀၂၁ ခုနှစ် Los Angeles ကားမတော်တဆမှုတွင် ညာဘက်ခြေထောက်အများအပြား ပြင်းထန်စွာ ထိခိုက်ခဲ့သဖြင့် ဆရာဝန်များက ခြေဖြတ်ရနိုင်ကြောင်းပင် စဉ်းစားခဲ့ရသည်ဟု သူက ပြောထားသည်။ သူသည် ၂၀၂၄ British Open ပြီးနောက် တရားဝင်ပြိုင်ပွဲ မကစားရသေးဘဲ၊ အောက်တိုဘာလတွင် ကျောခွဲစိတ်မှု ၇ ကြိမ်မြောက်မှ ပြန်လည်နာလန်ထူနေစဉ် Masters ပြိုင်ပွဲသို့ ပြန်ဝင်ရန် ကြိုးပမ်းနေခဲ့သည်။ Woods သည် Masters ချန်ပီယံ ၅ ကြိမ် ရရှိထားသူ ဖြစ်သည်။

Leave a Comment

Your email address will not be published. Required fields are marked *